...ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားလို့ ကူညီကြပါစို့ ...

ပဉ္စမအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

Print

၁၃၆၀-ပြည့်နှစ်တွင် တောင်စလင်းတိုက်သစ်ဆရာတော် ဘဒ္ဒန္တတိက္ခ ဦးစီးတည်ထောင်သော ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းကြီး၏ (၁၄)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားနှင့် သြ၀ါဒခံယူပွဲကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ပဉ္စမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ၁၃၇၄-ခု၊ ကဆုန်လဆန်း(၁၄)ရက်၊ ၄-၅-၂၀၁၂ သောကြာနေ့တွင် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ကုသိုလ်ဖြစ် အထူးကုဆေးခန်း၌ ကျင်းပရာ အသင်းကြီးကို စိတ်ဝင်စား၍ သွေးလှူဒါန်းလိုသူ သံဃာတော် အရှင်သူမြတ်များ၊ သီလရှင်များ၊ အဖွဲ့အစည်းအသီးသီးမှ သွေးလှူရှင်များ စုစုပေါင်း(၂၀၀)ကျော်ခန့် လာရောက်လှူဒါန်းကြပါသည်။

သွေးလှူဒါန်းပွဲသို့ မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး သွေးလှူဘဏ်တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာဒေါ်ခင်စိန်ဝင်း ဦးဆောင်သော ဆရာဝန်၊ သူနာပြု နှင့် ဓါတ်ခွဲဝန်ထမ်း စုစုပေါင်း(၂၀)ဦးတို့ဖြင့် ဆောင်ရွက်ကြရာ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း တွဲဘက်အတွင်းရေးမှူး ဒေါက်တာဦးကိုကိုလေး (ဆေးပေးခန်းတာဝန်ခံ)၊ ဒေါက်တာဦးဌေးဝင်း၊ ဒေါက်တာဦးသန်းထွန်းမြင့်၊ သွေးလှူရှင်ကြီးကြပ်ရေး ဆပ်ကော်မတီအဖွဲ့ခေါင်းဆောင် ဒေါက်တာဒေါ်သီသီ၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာဦးကိုကိုအေး၊ ဒေါက်တာဒေါ်လှလှမြင့်တို့က အနီးကပ်ကြီးကြပ် ဆောင်ရွက်၍ ဗြဟ္မစိုရ် လုပ်အားပေး လူငယ်မောင်မယ် ဦးမြခိုင်(သာသနာရေး-ငြိမ်း)၊ မထွေးထွေးငယ် တို့ဦးဆောင်သည့် လုပ်အားပေး(၂၅)ဦးတို့က ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည်။

ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းကြီးအနေဖြင့် ပထမအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲတွင် မန္တလေးမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးသို့ သွေးအမျိုးအစားပေါင်းစုံ(၁၁၆)ပုလင်း၊ ဒုတိယအကြိမ် စုပေါင်း သွေးလှူဒါန်းပွဲတွင် ကုတင်(၃၀၀)သင်ကြားရေး ဆေးရုံကြီးသို့ သွေးအမျိုးအစားပေါင်းစုံ (၇၀)ပုလင်း၊ တတိယအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲတွင် ဗဟိုအမျိုးသမီး ဆေးရုံကြီးသို့ သွေးအမျိုးအစားပေါင်းစုံ (၁၀၀)ပုလင်း၊ စတုတ္ထအကြိမ် စုပေါင်း သွေးလှူဒါန်းပွဲတွင် ကုတင်(၃၀၀)သင်ကြားရေး ဆေးရုံကြီးသို့ သွေးအမျိုးအစားပေါင်းစုံ (၁၂၀)ပုလင်း စုစုပေါင်း (၄၀၆)ပုလင်း ပေးအပ်လှူဒါန်းခဲ့ပြီး ပဉ္စမအကြိမ်စုပေါင်း သွေးလှူဒါန်းပွဲတွင် မန္တလေးမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးသို့ သွေးအမျိုးအစားပေါင်း (၁၉၅)ပုလင်း ပေးအပ်လှူဒါန်းရာ သွေးလှူဘဏ်တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာဒေါ်ခင်စိန်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ အသင်းမှ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ပါသည်။

design by-bagyiphyo /2013 ပဉ္စမအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ.
Powered by Joomla 1.7 Templates